Wednesday, November 26, 2014

ကျမရဲ့ ဒိုင်ယာရီ ၁

ဒီဘလော့လေးက ကျမရဲ့ တတိယမြောက် ဘလော့လေးပါ။

ဘလော့စာမျက်နှာတွေဟာ Facebook စာမျက်နှာတွေလို ခေတ်မစားတော့မှန်း ကျမသိပါတယ်။ ဒါပေမယ့် ဒီဘလော့မှာ ကျမခံစားနေရတဲ့ ခံစားချက်အမှန်တွေကို ရိုးရိုးသားသားရေးချင်လို့ ကျမဒီစာမျက်နှာကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အရင်ဘလော့ ၂ ခုမှာ တစ်ခုက ကျမ password ပျောက်သွားလို့ ဆုံးရှုံးခဲ့ပါတယ်။ ဒုတိယမြောက်တစ်ခုကတော့ ကျမဘယ်သူဆိုတာ သိနေတဲ့ အသိုင်းအ၀ိုင်းကလူတွေရှိနေပါတယ်။ အဲဒီတော့ ရိုးသားချင်သလောက် ရိုးသားလို့မရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဟုတ်ကဲ့ ဘာတွေများ ရေးချင်လို့ ဘလော့တစ်ခုကို သက်သက်ကြီးဖွင့်နေသေးလဲပေါ့နော်။ ဒီလိုမေးခွန်းတွေရှိချင်ရှိမှာပါ။ ပြောသာပြောရတယ် ကိုယ်ရေးထားတဲ့စာ ဘယ်သူက အချိန်ကုန်ခံပြီး ဖတ်ပါ့မလဲ။ မသေချာပါဘူး။ ဘယ်သူ့အတွက်မှလည်း ဒီစာတွေကို ရေးမှာမဟုတ်ပါဘူး။ ကျမအတွက် ကျမ ရိုးရိုးသားသား မှတ်တမ်းထားယုံသက်သက်ပါပဲ။

ကျမက လူမှုရေးပြဿနာတွေနဲ့ အသက် ၃၀ ပြည့်လုလု မိန်းမတစ်ယောက်ပါ။
ဘယ်လိုလူမှူရေး ပြဿနာလဲဆိုတာ့ အိမ်ထောင်ရေး ပြဿနာပါ။ ဟုတ်ကဲ့ ကျမက အိမ်ထောင်သည်ပါ။ အပြင်မှာလည်း အလုပ်လုပ်ပါတယ်။ ကလေးမရှိဘူး။ ကျမတို့၂ယောက်လုံးက NGO ရုံးတစ်ခုမှာ တူတူအလုပ်လုပ်ကြပါတယ်။ 

ကျမယောကျာင်္းက သိပ်တော်တဲ့ ထက်မြက်တဲ့ လူတစ်ယောက်ပေါ့။ ကြွားပြောတာမဟုတ်ပါဘူး။ တကယ်တော်တဲ့လူပါ။ ရုံးတစ်ရုံးလုံးရဲ့ မန်နေဂျာလုပ်နေတဲ့ အပြင် နောက်လဆို ရာထူးတတ်ပြီး ရန်ကုန်ကို ပြောင်းတော့မှာပေါ့။


သူတတ်သွားတဲ့ ရာထူးက ပုံမှန်ဆိုရင် နိုင်ငံခြားသားတွေသာ ခန့်တဲ့ ရာထူးမျိုး။ ကျမတို့ရုံးမှာ အဲဒီရာထူးနဲ့ အဲဒီ Level ကို မြန်မာထဲက ရဖူးတာ သူနဲ့ နောက်နှစ်ယောက် ၃ ယောက်ပဲ ရှိဖူးတယ်။
သူက အဲဒီလိုတော်သလို လူချစ်လူခင်လည်းများပါတယ်။ အထက်ဖား အောက်ဖိလူတွေကို သူမုန်းတယ်။ အဲဒီတော့ လက်အောက်ငယ်သားတွေက သူ့ကိုချစ်ပြီး မဟုတ်မခံစိတ်ရှိပြီး ဘာမဆို သူမှန်တယ်ထင်တဲ့အတိုင်း ပြန်ပြောတတ်တဲ့အတွက် တစ်ချို့တွေကတော့ သူ့ကို မုန်းကြတယ်။


ဆက်ရန်


No comments:

Post a Comment