Tuesday, January 27, 2015

ကျမရဲ့ ဒိုင်ယာရီ ၉


ဒီကြားထဲ ခင်ပွန်းဟောင်းနဲ့ ပတ်သတ်သမျှ အရာတွေနဲ့ ဝေးနိုင်သမျှဝေးအောင်နေခဲ့တယ်။ ကျမကိုယ်တိုင် ပူလောင်မနေပေမယ့် မီးနားသွားကပ်ရင် အပူဟပ်နိုင်လို့ပါ။ ကျမစိတ်ငြိမ်းချမ်းမှု ပျက်ပြားစေမယ့် risk ကို တတ်နိုင်သမျှ လျှော့ချပြီး ကျမနေထိုင်ခဲ့တယ်။ နေလည်း နေနိုင်ခဲ့ပါတယ်။

ဒါပေမယ့် Sunday တုန်းကတော့ ကျမရှေ့က သူ့ဇနီးက ဖုန်းဆက်လာတယ်။ ကျမက သူငယ်ချင်းတစ်ယောက်ကို ဓါတ်ပုံလိုက်ရိုက်ပေး၊ ဆိုင်ကယ်မောင်းပြီး မုံရွာတစ်ဝိုက်လိုက်ပို့ပေးနေလို့ မသိလိုက်ဘူး။ အဲဒါနဲ့ သူက message ပို့တယ်။ သူ့ဆီမှာကျန်နေတဲ့ ၄ နှစ်အရွယ်သားလေးကို လာတောင်းနေလို့တဲ့။ ရန်ကုန်မှာ ကျောင်းထားချင်တယ်ပြောတယ်တဲ့။ သူက ပေးလိုက်ဖို့ စိတ်ကူးရှိတယ်။ ကျမဆီက အကြံဥာဏ်လိုချင်တယ်လို့ ကျမဘာသာပြန်လိုက်တယ်။ အရှေ့ရက်တွေကလည်း သူဖုန်းဆက်ဆက်နေတာကို ကျမ မကိုင်ပဲ နေခဲ့တယ်ဆိုတော့ ဒီတစ်ခါတော့ ကျမ ဥပက္ခာမပြုချင်တော့ဘူး။ 

ဝင်ပါလို့ ကောင်းတဲ့ ကိစ္စမဟုတ်မှန်းသိရက်နဲ့ ကျမ အကြံဥာဏ်တွေပေးနေမိတယ်။ ဆုံးဖြတ်ချက်ကတော့ အဖေအရင်း အမေအရင်းလက်ထဲမှာပဲ ရှိသင့်တာပါ။ ဒါပေမယ့် ကလေးရဲ့ အမေက ကျေးရွာတစ်ရွာက မူလတန်းပြဆရာမ ပေါက်စလေး။ ကျမထက်တောင် အသက်ငယ်တဲ့ အရွယ်လေ။ သူ့ဟာသူ တစ်ယောက်တည်း စဉ်းစားရင် ထည့်စဉ်းစားသင့်တဲ့ အချက်တွေ အများကြီးကျန်ခဲ့နိုင်လို့ ကျမ၀င်ပါတယ်။ 

ကျမစိတ်ပူတဲ့အချက်ထဲမှာ နံပါတ်တစ်က ကလေးရဲ့ ဘာသာတရားပေါ်မှာ ယုံကြည်မှု ပျက်စီးသွားမှာပဲ။ ကလေးရဲ့ အဖေက ဘာသာမဲ့သာသာ အတွေးအခေါ် အယူအဆရှိတဲ့သူ။ (နောက်ဘ၀ဆိုတာ မယုံဘူးတဲ့၊ ငရဲဆိုတာ ဘုရားက လူပိန်းတွေအတွက်ကို အကြောက်တရားနဲ့ ထိန်းသိန်းဖို့ တကယ်မရှိပဲ ဖြဲခြောက်ဖို့ သုံးခဲ့တဲ့ tools တစ်ခုတဲ့)။ အခု သူ့ရဲ့ မိန်းကလေးက ခရစ်ယာန်ဘာသာဝင်။ ဒီလိုလူ ၂ယောက်ထဲကို ၄ နှစ်သားလေးကို ထည့်ပေးလိုက်ဖို့ ကျမစိတ်မချနိုင်ဘူးဖြစ်နေတယ်။ ကလေးကို ကျမတစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။ ဒါပေမယ့် သူတို့လက်ထဲမှာ ကလေးဟာ အယူလွဲမှားသူလေး ဖြစ်လာဖို့များတယ်လို့ ကျမယူဆတယ်။ 

နောက်တစ်ချက်က ငွေရှိရင်၊ အလုပ်အောင်မြင်ရင် လူတစ်ကာထက် မြင့်မြတ်ပြီလို့ ယူဆထားတဲ့ သူတို့ရဲ့ အယူအဆကိုသာ ကလေးက အတုယူလိုက်ရင် လူ့အသိုင်းအ၀ိုင်းထဲမှာ ငွေရဖို့အတွက်၊ သူအောင်မြင်ဖို့အတွက် ဘာကိုမှ မျက်နှာမထောက်တတ်တဲ့ အတ္တကြီးကြီး လူသားတစ်ယောက် ဖြစ်သွားမလားလို့လည်း ကျမစိုးရိမ်တယ်။ 

လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေကို ကိုယ့်တစ်ကိုယ်စာ အတ္တအတွက် လွယ်လွယ်ကူကူ ချိုးဖျက်ပစ်တဲ့သူ၂ယောက်။ ကလေးတစ်ယောက်ရဲ့ စိတ်ဓါတ်ကို ဘယ်လိုများ ဆုံးမပဲ့ပြင်ပေးနိုင်မလဲ။ ကျမ သိပ်မသေချာဘူး။ 

ဒီကိစ္စတွေကို ထည့်စဉ်းစားဖို့ ကလေးလေးရဲ့ အမေကို ကျမ အကြံပေးလိုက်ပါတယ်။ သူတို့ ၂ယောက်ကို ကျမ မကြည်ဖြူနေတဲ့အတွက် ကျမစိုးရိမ်မှုတွေဟာ တစ်ဘက်သက်ဆန်ကောင်း ဆန်နေနိုင်ပါတယ်။ အဲဒါကြောင့်မို့ သူတို့ကိုယ်တိုင် လေ့လာဆုံးဖြတ်နိုင်ဖို့ ကလေးအဖေနဲ့ အမေအသစ်ကို ပုသိမ်ကို ၂ ပတ်တစ်ခါ လာပြီး ကလေးနဲ့ တွေ့ဆုံစေဖို့။ အဲဒီအတော်အတွင်းမှာ သူတို့၂ယောက်လက်ထဲကို ကလေးလေးကို ထည့်ပေးလိုက်ဖို့ စိတ်ချရမလား စိတ်မချရဘူးလား သူတို့ ဆုံးဖြတ်ဖို့ တစ်ချို့ အချက်အလက်တွေ ရနိုင်ပါတယ်။ 

ကျမစိတ်ထင်တော့ ကျမ အကောင်းဆုံး အကြံဥာဏ်ကို ပေးလိုက်တယ်လို့ ထင်ပါတယ်။ 

ဒီအတွက်လည်း ကျမရိုးသားစွာ လိပ်ပြာသန့်ပါတယ်။









Sunday, January 25, 2015

ကျမရဲ့ ဒိုင်ယာရီ ၈


ကျမ မနေ့ညက အိမ်မက်ဆိုးမက်တယ်။ 
အဲဒီအိမ်မက်ဆိုးရဲ့ အဖြစ်အပျက်ဆိုးတွေကြားထဲမှာ ကျမ အကူအညီလိုတဲ့အချိန် ကူဖို့ပေါ်လာတဲ့သူဟာ အံသြစရာကောင်းစွာနဲ့ ကျမကို ရက်စက်သွားခဲ့တဲ့ သူပဲဖြစ်နေဆဲပဲ။

ကျမသူ့ရင်ခွင်ထဲမရောက်ခင်လေး လန့်နိုးသွားခဲ့တယ်။ ကျမဘေးမှာ တရားဖွင့်ထားတဲ့ ဖုန်းလေးက တရားတွေ ဆက်ဟောနေဆဲပဲ။ အရင်ကဆိုရင်တော့ ကျမစိုးရွံ့စွာနဲ့ သူရင်ခွင်ထဲ တိုးဝင်အိပ်လိုက်ရုံပေါ့။ ကွာရှင်းပြီးခါစ အခြေအနေတုန်းကဆိုရင်တော့ ကျမတစ်ယောက်တည်း ၀မ်းနည်းကြေကွဲနေမလားပဲ။ 
အခုကတော့ ကျမ ရေထသောက်ပြီး ပြန်အိပ်လိုက်နိုင်တယ်။ အဲဒီ အိမ်မက်ကို အဓိပ္ဂါယ်ကို လိုက်ဖွင့်မနေပဲနဲ့ပေါ့။ 
အိမ်မက်ဆိုးမက်ပြီး ကြောက်ရွံ့နေတဲ့ အချိန်လေးမှာ တိုးဝင်ဖို့ ရင်ခွင်ရရှိဖို့ သက်သက်နဲ့တော့ ကျမ ယောကျာ်းတစ်ယောက်ကို ဘေးနားမှာ 24/7 သွားမနေတော့ပါဘူး။ ကျမ လွတ်လပ်ခွင့်တွေကို လက်လွတ်ဆုံးရှုံးမခံတော့ပါဘူး။ 

ကျမ အသက် ၃၀ ရှိပါပြီ။
ကိုယ့်လုပ်စာ ကိုယ်စားနိုင်တဲ့ အနေအထားရှိပါပြီ။
မိမိကိုယ်ကိုယ် ထိန်းနိုင်တဲ့ ကိုယ်ကျင့်တရားရှိပါပြီ။

ကျမအတွက် ဘ၀ကို တစ်ယောက်တည်း မနေရဲယုံသက်သက်နဲ့တော့ ကျမ အိမ်ထောင်မပြုတော့ပါ။ 

အဲ အချစ်ကြောင့်လည်း ကျမ အိမ်ထောင်ပြုဖြစ်မယ်မထင်ပါ။

Friday, January 23, 2015

ကျမရဲ့ ဒိုင်ယာရီ ၇

ကျမရဲ့ ဒိုင်ယာရီကတော့ ဒိုင်ယာရီဆိုတဲ့အတိုင်းပဲ ရောက်ရာပေါက်ရာ ရေးထားထဲ စာစုတွေပဲလို့ အခုပဲ တွေးမိတယ်။ 
တစ်ပိုင်းနဲ့ တစ်ပိုင်းဟာ အချိတ်အဆက်ရှိချင်တဲ့ အချိန်ရှိနေပြီး အချိတ်အဆက် ပျောက်သွားတဲ့ အချိန်ပျောက်သွားတယ်။ 
ဒါပေမယ့်လေ ကျမက ဒီစာတွေကို စာအုပ်ထုတ်ဖို့ ဒါမှမဟုတ် လူကြိုက်များဖို့ ရေးထားတာမဟုတ်တဲ့အတွက် ငါ့စာတွေက စာဖတ်သူကို စွဲဆောင်နိုင်ပါ့မလားဆိုတဲ့ ဖိစီးမှု ကျမ မထားထားပါဘူး။ 

အခုဆိုရင် ကျမ ကွာရှင်းထားတယ်ဆိုပေမယ့် သူနဲ့တူတူမရှိတော့တာ ဘယ်လောက်ရှိပြီလို့ ကျမ မတွက်ဖြစ်တော့ပါဘူး။ တွက်ထားဖို့လည်း မလိုအပ်တော့ပါဘူး။ သူပြန်လာမှာကိုတောင် ကျမကြောက်တတ်နေခဲ့ပြီ။ ကျမမှာ ရထားတဲ့ လွတ်လပ်မှုလေးတွေ ပြန်မရတော့မှာ ကြောက်လို့ပါ။ အဲဒီတော့ နောက်တစ်ယောက်ဆိုတာကိုလည်း ကျမ အဝေးဆုံးကနေ ကြိုရှောင်ပါတယ်။ 

ခုကျမ စာတွေရေးဖို့ကြိုးစားတယ်။ ရိုးရှင်းရှင်းစာလေးတွေပေါ့။ အရင်က စကားလုံးတွေ အများကြီးနဲ့ အလှဆင်ထားတဲ့ စာတွေ ကျမရေးခဲ့ဖူးတယ်။ အခုတော့ အဲဒီလိုစာတွေထက် ရိုးရှင်းတဲ့ ရိုးသားတဲ့ ရေးချင်တဲ့အကြောင်းကို စကားလုံးတွေနဲ့ ဖုံးမထားတဲ့ စာတွေပဲ ရိုးသားစွာရေးချင်တော့တယ်။ 

ဒီနေ့ကျမ မှတ်တမ်းတင်ထားချင်တဲ့အကြောင်းကတော့ ကျမ ဒီနေ့ကနေ နောက်ထပ်ရက် ၂၀ လောက်ပဲ ဒီမြို့၊ ဒီနေရာ၊ ဒီအိမ်မှာ ဆက်နေရတော့မှာပါ။ ကျမ အိမ်မက်တပိုင်းတစ်ဖြစ်တဲ့ ရန်ကုန်ရုံးကို အလုပ်ပြောင်းလုပ်ရတော့ပါမယ်။ အဲဒီနေရာကိုရဖို့ ကျမ အလုပ်တွေ အများကြီးလုပ်ပြထားရတယ်။ ရေးဖြေကို အစွမ်းကုန် ကြိုးစားဖြေခဲ့ရတယ်။ နှုတ်ဖြေကတော့ ကျမ နဂိုကတည်းက အလုပ်လုပ်ခဲ့တဲ့ အရှိန်လေးတွေကြောင့် တော်တော်လေး လွယ်ကူခဲ့တယ်။ 

တကယ်အလုပ်လုပ်တဲ့အချိန်ကျရင်တော့ လွယ်မယ် ခက်မယ် မသိသေးဘူးပေါ့။ ဒါပေမယ့် ရန်ကုန်ရုံးကိုပြောင်းရဖို့က ၂ လနီးနီးလောက်လိုသေးတဲ့အတွက် ကြိုတွေးပြီး ပူမနေပါဘူး။ သူ့ဟာသူဖြစ်သွားလိမ့်မယ်လို့မှတ်ထားလိုက်တယ်။ 

လောလောဆယ်တော့ ကျမဘ၀လေးကို ကျမကျေနပ်တယ်။ စာအုပ်တွေ ဖတ်မကုန်အောင် ကျမပိုင်တယ်။ (ပြင်သစ်နဲ့ အင်္ဂလိပ်စာအုပ်တွေပဲ အများကြီးဆိုတော့ တစ်အုပ်တစ်အုပ်ပြီးဖို့ တစ်နှစ်လောက် ဖတ်ယူရမှာမို့ပါ)  ပိုက်ဆံတွေတော့ သုံးမကုန်အောင် မရှိဘူး၊ သုံးလောက်တဲ့ အနေအထားတော့ ကျမရှာနိုင်တယ်။ 

ဘာဖြစ်ဖြစ် ကျမကို အားပေးကြမယ့် သူငယ်ချင်းတွေနဲ့ မိသားစုတွေရှိတယ်။ 

အခုတော့ ကျမ လောကကြီးကို အကောင်းဘက်က တွေးနိုင်မြင်နိုင်စွမ်းတွေ ရှိလာပါပြီ။ 

ကျမကို ဒေါသထွက်အောင် ဖြစ်လာတဲ့ အဖြစ်အပျက်တွေကိုလည်း ဒေါသနဲ့ မတုန့်ပြန်ပဲ လှောင်ရီနိုင်လာပါပြီ။ 

တစ်စတစ်စ ကျမပြန်သန်စွန်းလာတာ ပြန်သန်မာလာတာကို ကျမမြင်နိုင်လာပါပြီ။ 

ကျမလဲကျရင် ကျမ အစွမ်းနဲ့ ကျမ ပြန်ထနိုင်ပါပြီ။ 

ဘယ်သူ့ကိုမှလည်း ကျမဘေးမှာ 24/7 မလိုအပ်တော့ပါဘူး။ 

ဒီအခြေအနေကို Dependency မရှိဘူးလို့ Humanitarian လောကမှာ သုံးပါလိမ့်မယ်။ 





Thursday, January 22, 2015

အတွေး


တစ်ခါလဲကျ
တစ်ခါပြန်ထ
တစ်ခါ ပိုသန်မာလာတယ်။……

ကဲ
ငါ့ကို နောက်တစ်ခါ
ဘယ်သူ လာတွန်းလှဲအုံးမလဲ….

Wednesday, January 21, 2015

ကျမရဲ့ ဒိုင်ယာရီ ၆


တောင်ကြီးမှာ ၃ ညအိပ် ၄ ရက်နေပြီး ကျမ ပြန်လာတဲ့အချိန်မှာ ကျမစိတ်တွေ တောင်ကြီးမှာ ကျန်ခဲ့လို့ မနည်းပြန်ခေါ်ရပါသေးတယ်။ နောက်ဆုံး တောင်ကြီးကို အပြီးပြန်နေဖို့အထိ စဉ်းစားမိတဲ့ နေ့ရက်တွေနဲ့လည်း နဘန်းလုံးရင်းပေါ့။ တကယ်တမ်းတော့ ကျမမှာ သူတစ်ယောက်တည်းအတွက် တောင်ကြီးပြန်နေပစ်လိုက်ဖို့အထိ ခွန်အားတွေ ရှိမနေပါဘူး။ တောင်ကြီးပြန်နေဖို့ကိုလည်း ကျမကြောက်နေတဲ့ အရာတွေ အများကြီးရှိနေသေးတယ်။ 

တောင်ကြီးမှာဆို ကျမ တစ်ယောက်တည်း နေလို့မရတော့ဘူး။ လောလောလတ်လတ်လေးမှ ရထားတဲ့ ကျမရဲ့ လွတ်လပ်ခွင့်တွေ အကုန် ပြန်ပြီး ဆုံးရှုံးသွားမယ်။ ကျမရည်ညွန်းတဲ့ လွတ်လပ်ခွင့်ဆိုတာ ညနက်သန်းခေါင် အိမ်ပြန်တာ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ရည်းစားနဲ့ ချိန်းတွေ့တာ၊ ပါတီတတ်တာတွေထက် ကျမ စိတ်တိုင်းကျ နေထိုင်ခွင့်ကို ပိုဆိုလိုပါတယ်။ ၀တ်ချင်တာဝတ်မယ်၊ စားချင်တာစားမယ်၊ စားချင်တဲ့အချိန်မှစားမယ်၊ အိပ်ချင်တဲ့အချိန် အိပ်ပြီး ထချင်တဲ့အချိန်မှ ကျမထမယ်၊ ကျမ ဘာလုပ်နေနေ ဘာဖြစ်လို့ ဘာလုပ်တယ်လို့ ဘယ်သူ့ကိုမှ ရှင်းပြစရာမလိုတဲ့ အခြေအနေကို ဆိုလိုတာပါ။ 

တောင်ကြီးသွားနေရင် ဖေဖေ၊ မေမေနဲ့နေရမှာမို့ ဒါတွေ ကျမရမှာ မဟုတ်ပါဘူး။ နောက်ပြီး ၁၅ နှစ်ကတည်းက ကျမ အိမ်က ထွက်လာပြီးနောက် သူတို့ အရိပ်အောက်မှာ သမီးလိမ္မာအနေနဲ့ ပြန်သွားနေဖို့ ကျမအတွက် အရမ်း ခက်ခဲပါတယ်။