ဒီကြားထဲ ခင်ပွန်းဟောင်းနဲ့
ပတ်သတ်သမျှ အရာတွေနဲ့ ဝေးနိုင်သမျှဝေးအောင်နေခဲ့တယ်။ ကျမကိုယ်တိုင် ပူလောင်မနေပေမယ့် မီးနားသွားကပ်ရင် အပူဟပ်နိုင်လို့ပါ။ ကျမစိတ်ငြိမ်းချမ်းမှု ပျက်ပြားစေမယ့် risk ကို တတ်နိုင်သမျှ လျှော့ချပြီး ကျမနေထိုင်ခဲ့တယ်။ နေလည်း နေနိုင်ခဲ့ပါတယ်။
ဒါပေမယ့် Sunday တုန်းကတော့
ကျမရှေ့က သူ့ဇနီးက ဖုန်းဆက်လာတယ်။ ကျမက သူငယ်ချင်းတစ်ယောက်ကို ဓါတ်ပုံလိုက်ရိုက်ပေး၊
ဆိုင်ကယ်မောင်းပြီး မုံရွာတစ်ဝိုက်လိုက်ပို့ပေးနေလို့ မသိလိုက်ဘူး။ အဲဒါနဲ့ သူက
message ပို့တယ်။ သူ့ဆီမှာကျန်နေတဲ့ ၄ နှစ်အရွယ်သားလေးကို လာတောင်းနေလို့တဲ့။ ရန်ကုန်မှာ
ကျောင်းထားချင်တယ်ပြောတယ်တဲ့။ သူက ပေးလိုက်ဖို့ စိတ်ကူးရှိတယ်။ ကျမဆီက အကြံဥာဏ်လိုချင်တယ်လို့
ကျမဘာသာပြန်လိုက်တယ်။ အရှေ့ရက်တွေကလည်း သူဖုန်းဆက်ဆက်နေတာကို ကျမ မကိုင်ပဲ နေခဲ့တယ်ဆိုတော့
ဒီတစ်ခါတော့ ကျမ ဥပက္ခာမပြုချင်တော့ဘူး။
ဝင်ပါလို့ ကောင်းတဲ့
ကိစ္စမဟုတ်မှန်းသိရက်နဲ့ ကျမ အကြံဥာဏ်တွေပေးနေမိတယ်။ ဆုံးဖြတ်ချက်ကတော့ အဖေအရင်း အမေအရင်းလက်ထဲမှာပဲ
ရှိသင့်တာပါ။ ဒါပေမယ့် ကလေးရဲ့ အမေက ကျေးရွာတစ်ရွာက မူလတန်းပြဆရာမ ပေါက်စလေး။ ကျမထက်တောင်
အသက်ငယ်တဲ့ အရွယ်လေ။ သူ့ဟာသူ တစ်ယောက်တည်း စဉ်းစားရင် ထည့်စဉ်းစားသင့်တဲ့ အချက်တွေ
အများကြီးကျန်ခဲ့နိုင်လို့ ကျမ၀င်ပါတယ်။
ကျမစိတ်ပူတဲ့အချက်ထဲမှာ
နံပါတ်တစ်က ကလေးရဲ့ ဘာသာတရားပေါ်မှာ ယုံကြည်မှု ပျက်စီးသွားမှာပဲ။ ကလေးရဲ့ အဖေက ဘာသာမဲ့သာသာ
အတွေးအခေါ် အယူအဆရှိတဲ့သူ။ (နောက်ဘ၀ဆိုတာ မယုံဘူးတဲ့၊ ငရဲဆိုတာ ဘုရားက လူပိန်းတွေအတွက်ကို
အကြောက်တရားနဲ့ ထိန်းသိန်းဖို့ တကယ်မရှိပဲ ဖြဲခြောက်ဖို့ သုံးခဲ့တဲ့ tools တစ်ခုတဲ့)။
အခု သူ့ရဲ့ မိန်းကလေးက ခရစ်ယာန်ဘာသာဝင်။ ဒီလိုလူ ၂ယောက်ထဲကို ၄ နှစ်သားလေးကို ထည့်ပေးလိုက်ဖို့
ကျမစိတ်မချနိုင်ဘူးဖြစ်နေတယ်။ ကလေးကို ကျမတစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။ ဒါပေမယ့် သူတို့လက်ထဲမှာ
ကလေးဟာ အယူလွဲမှားသူလေး ဖြစ်လာဖို့များတယ်လို့ ကျမယူဆတယ်။
နောက်တစ်ချက်က ငွေရှိရင်၊
အလုပ်အောင်မြင်ရင် လူတစ်ကာထက် မြင့်မြတ်ပြီလို့ ယူဆထားတဲ့ သူတို့ရဲ့ အယူအဆကိုသာ ကလေးက
အတုယူလိုက်ရင် လူ့အသိုင်းအ၀ိုင်းထဲမှာ ငွေရဖို့အတွက်၊ သူအောင်မြင်ဖို့အတွက် ဘာကိုမှ
မျက်နှာမထောက်တတ်တဲ့ အတ္တကြီးကြီး လူသားတစ်ယောက် ဖြစ်သွားမလားလို့လည်း ကျမစိုးရိမ်တယ်။
လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေကို
ကိုယ့်တစ်ကိုယ်စာ အတ္တအတွက် လွယ်လွယ်ကူကူ ချိုးဖျက်ပစ်တဲ့သူ၂ယောက်။ ကလေးတစ်ယောက်ရဲ့
စိတ်ဓါတ်ကို ဘယ်လိုများ ဆုံးမပဲ့ပြင်ပေးနိုင်မလဲ။ ကျမ သိပ်မသေချာဘူး။
ဒီကိစ္စတွေကို ထည့်စဉ်းစားဖို့
ကလေးလေးရဲ့ အမေကို ကျမ အကြံပေးလိုက်ပါတယ်။ သူတို့ ၂ယောက်ကို ကျမ မကြည်ဖြူနေတဲ့အတွက်
ကျမစိုးရိမ်မှုတွေဟာ တစ်ဘက်သက်ဆန်ကောင်း ဆန်နေနိုင်ပါတယ်။ အဲဒါကြောင့်မို့ သူတို့ကိုယ်တိုင်
လေ့လာဆုံးဖြတ်နိုင်ဖို့ ကလေးအဖေနဲ့ အမေအသစ်ကို ပုသိမ်ကို ၂ ပတ်တစ်ခါ လာပြီး ကလေးနဲ့
တွေ့ဆုံစေဖို့။ အဲဒီအတော်အတွင်းမှာ သူတို့၂ယောက်လက်ထဲကို ကလေးလေးကို ထည့်ပေးလိုက်ဖို့
စိတ်ချရမလား စိတ်မချရဘူးလား သူတို့ ဆုံးဖြတ်ဖို့ တစ်ချို့ အချက်အလက်တွေ ရနိုင်ပါတယ်။
ကျမစိတ်ထင်တော့ ကျမ
အကောင်းဆုံး အကြံဥာဏ်ကို ပေးလိုက်တယ်လို့ ထင်ပါတယ်။
ဒီအတွက်လည်း ကျမရိုးသားစွာ
လိပ်ပြာသန့်ပါတယ်။
No comments:
Post a Comment