Friday, January 9, 2015

ကျမရဲ့ ဒိုင်ယာရီ ၅

 ဒီနေ့ 10th January 2015 
ကျမကွာရှင်းလိုက်တဲ့ တစ်လပြည့်သောနေ့။
ရက်ပေါင်း ၃၁ ရက်ပြည့်နေ့။ 

ဒီရက်ပေါင်း ၃၁ ရက်အတွင်းမှာ ကျမ စာမရေးခဲ့ပါဘူး။ 
ရေးဖို့စဉ်းစားလိုက်တိုင်း ဘယ်အကြောင်းကို ဘယ်လိုစရေးရမလဲ မသိလို့ ကျမ စာမရေးခဲ့တာပါ။ 

ဒီတစ်လအတွင်းမှာ ကျမရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ပြန်ပြီး အားရှိလာဖို့ ကျမ ကြိုးစားခဲ့ရတယ်။ အခုတော့ ကျမစိတ်တွေ နဂိုအတိုင်းမဟုတ်ရင်တောင်မှ အတော်အတန် ပြန်လည် သန်မာလာပြီလို့ ကျမကိုယ် ကျမယုံကြည်ပါတယ်။ 

ဒီအတော်အတွင်းမှာ ကျမကို ကူညီအားပေးခဲ့တဲ့ မေမေနဲ့ ဖေဖေ... 
ကျမမောင်လေး... 
ဆွေမျိုးတွေ.. 
ရင်ဘတ်ချင်းနီးတဲ့ သူငယ်ချင်းတွေ.. (ဒီသူငယ်ချင်းတွေဆိုတာ အပြင်မှာ တကယ်ရင်းနှီးတဲ့ သူငယ်ချင်းတွေ အပါအ၀င် အပြင်မှ တစ်ခါပဲတွေ့ဖူးတဲ့ ဒါမှမဟုတ် တစ်ခါမှ မတွေ့ဖူးတဲ့ အွန်လိုင်းသူငယ်ချင်းတွေပါပါတယ်) 
လုပ်ဖော်ကိုင်ဖက်တွေ.. အားလုံးကို ကျမ ကျေးဇူးတကယ်ကို တင်ရမှာပါ။ 

သူတို့သာ ကျမကို မကူညီဘူး။ အားမပေးဘူးဆိုရင် ဒီအနေအထားကို ကျမ ဒီလောက် အချိန်တိုတိုနဲ့ပြန်ရလာဖို့ မလွယ်ကူပါဘူး။

ဒီတစ်လအတွင်း ကျမဘာတွေလုပ်ခဲ့လဲဆိုတော့ အများဆုံးက စကားပြောပါတယ်။ တွေ့တဲ့သူနဲ့ စကားတွေပြောတယ်။ အွန်လိုင်းမှာ မီးစိမ်းလာတဲ့သူမှန်သမျှနဲ့ ကျမ စကားပြောတယ်။ စကားပြောတယ်ဆိုလို့ သူတို့အကြောင်းတွေ အတင်းတုတ်တာမျိုးမဟုတ်ပါဘူး။ ဒါဆိုဘာတွေပြောလဲဆိုတော့ ကျမလည်းသေချာမမှတ်မိဘူး။ တရားအကြောင်းတွေပါတယ်။ သူတို့အကြောင်း နည်းနည်းပါတယ်။ ဘ၀ကို ဘယ်လိုပျော်အောင်နေမလဲဆိုတာတွေပါတယ်။ ကျမဘာလုပ်နေလဲတွေပါတယ်။ ကျမရှေ့ဆက်ပြီး ဘာတွေလုပ်မယ်ဆိုတာပါတယ်။ ကျမ ချစ်တယ်လို့ထင်တဲ့ ကျမကျင့်ဖို့ တရားတွေကိုလည်း ဟောပေးတတ်သလို၊ ကျမ နားထောင်ဖို့ သီချင်းတွေ၊ ကျမ ကြည့်ဖို့ ရုပ်ရှင်ကားတွေနဲ့ ကျမကို အားပေးနေတဲ့ သယ်ရင်းလို့ အမည်ခံထားတဲ့ ကျမအတွက် သူဟာ ဘာလဲလို့ နာမည်တတ်ရခက်တဲ့ ကောင်လေးတစ်ယောက် အကြောင်းလဲပါတယ်။ 

ကျမဘာလို့ စကားတွေပြောရလဲဆိုတော့ ကျမရဲ့ အထီးကျန်မှုကို ဖျောက်ထားနိုင်အောင်လို့ပါ။ အများအားဖြင့် စကားပြောတယ် ဆိုပေမယ့် စာတွေရိုက်တာများပါတယ်။



နောက်တစ်ခု ကျမလုပ်တာက ကျမရဲ့ နေထိုင်မှု ပုံစံကို အတတ်နိုင်ဆုံး ပြောင်းပါတယ်။ ဘာတွေပြောင်းလဲဆိုတော့ ခါတိုင်း ရုံးကဆိုင်ကယ်နဲ့ အသွားအလာလုပ်နေရာက စက်ဘီးပြောင်းစီးပါတယ်။ ကျမ သိပ်ကြိုက်တဲ့ ဘီးလေးပေါ့။ အမဲရောင် တောင်တတ်ဘီးပုံစံလေးပါ။ စက်ဘီးစီးပြီး ရုံးသွားတယ်၊ နေ့လည်ပြန်ထမင်းစားတယ်၊ ညနေ ပြန်လာတယ်၊ တစ်ခါတစ်ခါ ရည်ရွယ်ချက်မရှိလည်း စက်ဘီးလျှောက်စီးရတာ အရသာရှိတယ်။ ဆိုင်ကယ်နဲ့မတူဘူး။ ၀ယ်စရာတစ်ခုခုရှိလို့ မြို့ထဲသွားရမယ်ဆိုလည်း စက်ဘီးနဲ့ပဲသွားတယ်။ ၀ယ်ပြီး အဲဒီပစ္စည်းတွေလည်း မနိုင်မနင်းနဲ့ မရရအောင် စက်ဘီးနဲ့ပဲသယ်တယ်။ ပင်တော့ပင်ပန်းပေမယ့် ကျမမှာ ငါလုပ်နိုင်တယ်ဆိုတဲ့ အင်အားတစ်ခုရပါတယ်။

သီချင်းတွေကို ခါတိုင်းထက် နားထောင်တယ်။ တစ်ချိန်လုံးနီးပါး ကျမ ဂီတတစ်ခုခုနဲ့ စီးမျှော်နေလိုက်တယ်။ အချိန်ရတိုင်း စာဖတ်တယ်။ ဖတ်ချင်နေတဲ့စာအုပ်တွေ၊ ဖတ်ပြီးသား ပြန်ဖတ်ချင်တဲ့စာအုပ်တွေကို အကုန်ဖတ်ပါတယ်။  နောက်ဇာတ်ကားကောင်းလေးတွေ ရှာကြည့်တယ်။ ဇာတ်ကားကြည့်ကြည့်၊ သီချင်းပဲနားထောင်ထောင်၊ စာအုပ်ပဲ ဖတ်ဖတ် တစ်ယောက်တည်းလုပ်ရတာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ၂ယောက်ရှိတုန်းကဆို သူဆီက စကားသံကြောင့်ဖြစ်စေ၊ သူ့လှုပ်ရှားမှုကြောင့်ဖြစ်စေ အာရုံမစိုက်နိုင်တာရှိမယ်။ ပြီးတော့ ကျမက မိန်းမဖြစ်တဲ့အတွက် ရေသောက်ချင်တယ်ဆိုရင် ကြည့်နေရင်း၊ ဖတ်နေရင်း၊ နားထောင်နေရင်း သွားလုပ်ပေးရတာမျိုးရှိမယ်။ အဲဒီတစ်ခုခုကဟာ သူထက်ပိုပြီး အရေးမကြီးနေသလိုဖြစ်သွားတယ်။ တစ်ယောက်တည်းဆိုတော့ နားမလည်တဲ့စာသားလည်း ပြန်ရစ်ကြည့်မယ်။ အကြိုက်မတူတဲ့ ကိစ္စလည်း မဖြစ်တော့ဘူး။ ကောင်းကျိုးတွေဖြစ်လာတာပါ။ 

 နောက်ကျမ အိမ်ရဲ့ အပြင်အဆင်ကို နည်းနည်းစီပြောင်းတယ်။ အိမ်ကို အတတ်နိုင်ဆုံး ရှင်းအောင်ထားတယ်။ အိမ်မှာက မိန်းမ၂ယောက်ပဲနေတော့တယ်ဆိုတော့ အိမ်က သိသိသာသာကို သန့်ရှင်းလာတယ်။ တစ်ခါရှင်းထားရင်လည်း ကြာကြာခံလာတယ်။ ကျမ အပင်တွေစိုက်ထားတယ်။ မျက်စိပဿဒ ဖြစ်အောင် ပန်းလေးတွေ ထိုးတယ်။ ပိတ်ရက်တွေမှာ အိမ်ကို တစ်ပိုင်းချင်း အသေးစိတ် စိတ်ရှည်ရှည်နဲ့ ရှင်းထားလိုက်တယ်။ 

စားသောက်မှုပုံစံပြောင်းတယ်။ ကျမကြိုက်တဲ့ သစ်သီးတွေ၊ သစ်သီးဖျော်ရည်တွေ၊ ပေါင်မုန့်တွေ၊ ခေါက်ဆွဲထုတ်တွေ၊ ထမင်းနည်းနည်းနဲ့ ပဲပုတ်ထောင်းလို ဟာမျိုး၊ ဒါမှမဟုတ် လဘက်လိုဟာမျိုးနဲ့စားတယ်။ ခါတိုင်း သူသိပ်မကြိုက်လို့ ကျမကြိုက်လည်း မစားပဲနေခဲ့တဲ့ဟာတွေပေါ့။ သူက မန်းလေးမှာ မွေး ရန်ကုန်မှာ ကြီးခဲ့တဲ့ ဗမာလူမျိုးဆိုတော့ ဆီပြန်ဟင်းတွေ၊ ၀က်ဆီတွေကြိုက်တတ်ပြီး အသီးအရွက်နဲ့ သစ်သီးဝလံ မကြိုက်တတ်တဲ့သူမျိုးပါ။ ဆိုင်မှာ သွားစားတဲ့ကိစ္စတွေ လျှော့လိုက်တယ်။ ဆိုင်က အစားအစာတွေကို ကျမသိပ်မကြိုက်တတ်ဘူး။ 

နောက် skin care ကို နည်းနည်းပို ဂရုစိုက်ပြီးလုပ်တယ်။ ဘာလုပ်လဲဆိုတော့ ညမျက်နှာသစ်ပြီးရင် လျှာစောင်းလက်ပတ်လေး မျက်နှာကိုလိမ်း၊ လက်တွေခြေတွေလိမ်းပေါ့။ ခြေထောက်ကိုလည်း တစ်ပတ်တစ်ခါလောက် ရေနွေးစိမ် ဆေး။ စိတ်ပါရင် အရောင်လေး နည်းနည်းဆိုးပေါ့။ 

တရားထိုင်၊ ဘုရားရှိခိုး၊ ငါးပါသီလခံကတော့ ပုံမှန်လေး ကြိုးစားလုပ်တယ်။ ဆရာတော်ကြီးတွေရဲ့ တ၇ားတွေလည်းနာတယ်။ ဒါမှ ကိုယ့်စိတ်လေးကိုယ် အေးချမ်းတည်ငြိမ်အောင် မွေးနိုင်မှာလေ။ သူတို့အကြောင်းပဲ စဉ်းစားနေရင် တွေးနေရင် ဒေါသ၊ လောဘတွေပဲ တတ်တတ်လာမှာ။ အဲဒီတော့ ကျမစိတ်လေး ကြည်လင်နေဖို့ မြတ်စွာဘုရားရဲ့ တရားဓမ္မဟာလည်း အရေးကြီးတဲ့ အခန်းကနေ တောက်လျှောက်ပါနေတယ်။ ကျမရဲ့ အချိန်တော်တော်များများကို အတတ်နိုင်ဆုံး ကုသိုလ်စိတ်လေးနဲ့ နေထိုင်နိုင်အောင် နေလိုက်တယ်။ ကျမပြောတဲ့ ကုသိုလ်စိတ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်မနေအောင် ဖြစ်လာ၇င်လည်း လက်မခံပဲ ၀ိပဿနာလေးနဲ့နေကြည့်တာကိုပြောတာပါ။ ဒီလို တရားတွေနာ၊ တရားထိုင်၊ သီလဆောက်တည်ပြီးနေလာတာ ကျမစိတ်တွေ တကယ် လက်တွေ့ကို အေးချမ်းတည်ငြိမ်လာပါတယ်။ 

ကောင်းတာတွေပဲ လုပ်နေလားဆိုတော့ မကောင်းတာလေးတစ်ခုတော့ လုပ်ပါတယ်။ ကျမ ဆေးလိပ် နည်းနည်းသောက်ပါတယ်။ နည်းနည်းဆိုမှ နည်းနည်းပါ တစ်လလုံးမှာ ကျမ ဆေးလိပ် ၂ ဗူးပဲ ၀ယ်ရသေးတယ်။ ဒီတစ်လအတွင်းမှာ ကျမ ဘီယာ ၂ ခါသောက်ပါတယ်။ တစ်ခါက ၂ ခွက်ကျော်ကျော်လောက်နဲ့ နောက်တစ်ခါက ၃ ၄ ခွက်လောက်ပါ။ ဒုတိယတစ်ခါ တောင်ကြီးမှာ ၃ ၄ ခွက်သောက်ပြီး ညကျတော့ ခနပဲအိပ်ပျော်ညတစ်ပိုင်းမှာ ရေဆာပြန်နိုးနဲ့ အဲဒီညက ၂ နာရီလောက်ပဲ အိပ်လိုက်ရတယ်။ အဲဒါနဲ့နောက်နေ့တွေလည်း ဆက်သောက်ဖြစ်တော့ဘူး။ 

အရင်က ကျမက အရက်သမားလို့ အခေါ်ခံရတဲ့အထိ အရက်၊ ဘီယာသောက်တဲ့ မိန်းခလေးပါ။ အခု မူးတဲ့အရသာထက် ဦးနှောက်တစ်ခုလုံး ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားလေး ဖြစ်နေတဲ့အရသာကို ပိုကြိုက်လာတယ်။ နောက် ညမူးပြီး မနက်ကျ ဒါဏ်ဖြစ်မှာကို ကြောက်လာတယ်။ မူးတဲ့အချိန်မှာ စိတ်ခံစားမှုတွေ လွတ်ထွက်သွားတဲ့ ကိစ္စကိုလည်း မကြိုက်တော့ဘူး။ အဲဒီအချက်တွေကြောင့် ကျမ အရက်ဖြတ်တယ်လို့မပြောသေးပေမယ့် မသောက်ပဲနေပါတယ်။ 

ပထမပိုင်းရက်တွေမှာတော့ ကျမမေမေနဲ့ဖေဖေက ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီး သူထွက်သွားတဲ့ညမှာပဲ ကျမဆီကို ရောက်အောင်လာခဲ့ပါတယ်။ မေမေက ထမင်းဟင်းချက်ကျွေးပြီး ဖေဖေက ကားမောင်းတာကို ပြန်နွေးပေးတယ်။ ၂ ရက်သုံးရက်လောက် ကျမနဲ့နေပြီး ဖေဖေက မေမေနဲ့ ကားကို ကျမဆီမှာ ထားပြီး အိမ်ပြန်သွားပါတယ်။ နောက် တစ်ပတ်လောက်နေတော့ စင်ကာပူမှာနေတဲ့ ကျမအမ ၀မ်းကွဲ လာလည်ပါတယ်။ ပြီးတော့ ကျမ ခရစ်စမတ်နေ့ တောင်ကြီးပြန်ပါတယ်။ 

သူငယ်ချင်းတွေနဲ့တွေ့တယ်။ အမျိုးတွေနဲ့တွေ့တယ်။ ပင်းတယသွားလည်တယ်။ ဓါတ်ပုံရိုက်တယ်။ ညပိုင်းကို တောင်ကြီးတောင်ပေါ်တတ်ပြီး တောင်ကြီးရဲ့ night view ကို ပထမဆုံးအကြိမ် ကြည့်ဖူးတယ်။ နောက်တစ်ညကျတော့ နောက်တစ်ခါ တောင်ပေါ်တတ်ပြီး အဲဒီညမြင်ကွင်းကို ဓါတ်ပုံသွားရိုက်ပါတယ်။ ဒါပေမယ့် မလှပါဘူး။ ကျမရဲ့ ဘာမှန်းမသိတဲ့ သယ်ရင်းလို့ နာမည်ခံထားတဲ့ သူနဲ့တွေ့ပါတယ်။ 
 


No comments:

Post a Comment