တောင်ကြီးမှာ
၃ ညအိပ် ၄ ရက်နေပြီး ကျမ ပြန်လာတဲ့အချိန်မှာ ကျမစိတ်တွေ တောင်ကြီးမှာ ကျန်ခဲ့လို့
မနည်းပြန်ခေါ်ရပါသေးတယ်။ နောက်ဆုံး တောင်ကြီးကို အပြီးပြန်နေဖို့အထိ စဉ်းစားမိတဲ့
နေ့ရက်တွေနဲ့လည်း နဘန်းလုံးရင်းပေါ့။ တကယ်တမ်းတော့ ကျမမှာ သူတစ်ယောက်တည်းအတွက်
တောင်ကြီးပြန်နေပစ်လိုက်ဖို့အထိ ခွန်အားတွေ ရှိမနေပါဘူး။
တောင်ကြီးပြန်နေဖို့ကိုလည်း ကျမကြောက်နေတဲ့ အရာတွေ အများကြီးရှိနေသေးတယ်။
တောင်ကြီးမှာဆို
ကျမ တစ်ယောက်တည်း နေလို့မရတော့ဘူး။ လောလောလတ်လတ်လေးမှ ရထားတဲ့ ကျမရဲ့
လွတ်လပ်ခွင့်တွေ အကုန် ပြန်ပြီး ဆုံးရှုံးသွားမယ်။ ကျမရည်ညွန်းတဲ့
လွတ်လပ်ခွင့်ဆိုတာ ညနက်သန်းခေါင် အိမ်ပြန်တာ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊
ရည်းစားနဲ့ ချိန်းတွေ့တာ၊ ပါတီတတ်တာတွေထက် ကျမ စိတ်တိုင်းကျ နေထိုင်ခွင့်ကို
ပိုဆိုလိုပါတယ်။ ၀တ်ချင်တာဝတ်မယ်၊ စားချင်တာစားမယ်၊ စားချင်တဲ့အချိန်မှစားမယ်၊
အိပ်ချင်တဲ့အချိန် အိပ်ပြီး ထချင်တဲ့အချိန်မှ ကျမထမယ်၊ ကျမ ဘာလုပ်နေနေ ဘာဖြစ်လို့
ဘာလုပ်တယ်လို့ ဘယ်သူ့ကိုမှ ရှင်းပြစရာမလိုတဲ့ အခြေအနေကို ဆိုလိုတာပါ။
တောင်ကြီးသွားနေရင်
ဖေဖေ၊ မေမေနဲ့နေရမှာမို့ ဒါတွေ ကျမရမှာ မဟုတ်ပါဘူး။ နောက်ပြီး ၁၅ နှစ်ကတည်းက ကျမ
အိမ်က ထွက်လာပြီးနောက် သူတို့ အရိပ်အောက်မှာ သမီးလိမ္မာအနေနဲ့ ပြန်သွားနေဖို့
ကျမအတွက် အရမ်း ခက်ခဲပါတယ်။
No comments:
Post a Comment