Thursday, November 27, 2014

ကျမရဲ့ ဒိုင်ယာရီ ၂


ပြောချင်တာကတော့ သူက တော်တဲ့ ထက်မြက်တဲ့ မဟုတ်မခံတဲ့ စိတ်မြန်တဲ့ စိတ်ဆတ်တဲ့ ယောကျာင်္းတစ်ယောက် ပြီးတော့ ယောကျာင်္းဝါဒီကို ကိုင်ဆွဲထားတဲ့ လူတစ်ယောက်...

ဒီနေ့ ကျမတို့ လက်ထပ်တာ ရက်တစ်ထောင်ပြည့်ဖို့ ၂၆ ရက် အလို....
ကျမတို့ ၂ယောက် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ကျန်ရှိတဲ့ ကျမရဲ့ သက်တမ်းတစ်ဝက်လောက်ကို ကျမ သူ မပါပဲ ဆက်လျှောက်ရပါတော့မယ်။

ကျမ သူ့ကို မှီခိုပြီးနေလာတာ သုံးနှစ် နီးပါး
လောင်းရိပ်မိ အချောင်ခို အေးအေးသာသာ ဘ၀ကို ရေဆုန်မျောလိုက်ခဲ့တာပေါ့။

အခုတော့ ကျမ ကိုယ်ခြေထောက်ပေါ်ကိုယ် ရပ်၊ ကိုယ့်သမိုင်းကိုယ် ရေး၊ ကိုယ်ဘ၀ကို ကြောင်းဖို့ ကြိုးစားရမယ့် အချိန်ရောက်လာပါပြီ။ ခါတိုင်း ဒီယောကျာင်္းကြောင့် ကျမ မလုပ်ခဲ့ရတဲ့ အလုပ်တွေ လုပ်လို့ရတော့မယ်။

ကျမတို့ရဲ့ စိတ်တွေက အမြဲပြောင်းလဲနေတတ်တဲ့ သဘောမို့ ကျမလည်း တစ်ယောက်တည်းကျန်ခဲ့မယ်လို့ တွေးပြီး စိတ်ပူ အားငယ်မိတဲ့ အချိန်တွေ အများကြီးရှိပါတယ်။ ကျခဲ့ရတဲ့ မျက်ရည်တွေလည်း မနည်းဘူး ။
ဒီနေ့ကတော့ ကျမစိတ်တွေ ကြံ့ခိုင်နေပါတယ်။

ကျမယုံကြည်တယ်။ သူ မပါလည်း ကျမ လုပ်နိုင်တဲ့ အလုပ်တွေ အများကြီးရှိသေးတယ်ဆိုတာကိုလေ။

ကျမတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခဲ့ကြပါတယ်။ အခုလည်း သူ့ကို ကျမ ချစ်ပါတယ်။ နောက်တော်တော်ကြတဲ့ အထိလည်း ချစ်နေအုံးမှာပါပဲ။ သူဟာ ကျမအတွက် အားကိုးရတဲ့
ယုံကြည်ရတဲ့ ချစ်ခင်ရတဲ့ ခင်ပွန်းကောင်း တစ်ယောက်ပါ။ ဒါနဲ့များ ဘာလို့ လမ်းခွဲကြမလဲဆိုတော့...

သူဟာ နောက်ထပ် မိန်းခလေးတစ်ယောက်အတွက်လည်း အဲဒီလို ခင်ပွန်းကောင်း တစ်ယောက်ဖြစ်အောင် သူကြိုးစားနေလို့ပါ။ 

အဲဒီမိန်းခလေးဟာ သူ့အတွက် တတိယအိမ်ထောင် ဖြစ်သွားပါလိမ့်မယ်။ ကျမက သူ့ရဲ့ ဒုတိယ အမျိုးသမီး။ ပထမ အမျိုးသမီးမှာက ၄ နှစ်အရွယ် သားတစ်ယောက်ရှိတယ်။ 

ကျမနဲ့ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက တွေ့ခဲ့တုန်းက ကျမဟာ သူအိမ်ထောင်ရှိမှန်း သိသိနဲ့ ရှေ့ဆက်တိုးခဲ့တာပါ။ တကယ်လည်း သူ့ကို တစ်သက်စာအတွက် ယုံကြည်ရတဲ့ ယောကျာ်းတစ်ယောက်လို့ ထင်မှတ်ခဲ့မိတယ်။ အခုလည်း ကျမသူ့ကို အဲဒီလို ခံစားနေရတုန်း။ နောက်တစ်ယောက် ရှိနေတာ ကျမ မျက်မြင်ကိုယ်တွေ့ပါ။ ဒါပေမယ့် အဲဒါတောင် ကျမသူ့ကို တွယ်တာနေတုံး။ တကယ်လို့သာ သူသာ ကျမအပေါ်မှ အရင်လို ချစ်ခင်ကြင်နာ ဂရုစိုက်မယ်ဆိုရင် ကျမ မသိချင်ယောင်ဆောင်ပြီး သူဘေးမှာ ဆက်နေဖို့ ကြိုးစားနေမိအုံးမလား မသိဘူး။  

ဒါကြောင့် မိန်းမတွေဟာ နှာခေါင်းသာ မပါရင် ချီးကျွေးတောင် စားလိမ့်မယ်လို့ ပြောကြတာ။ ချစ်မိနေတော့ အဲဒီလူ ကိုယ်ဘေးမှာ ဘယ်လိုရှိနေရှိနေ ရှိနေစေချင်သေးတာ။ 

ဒီနေ့တော့ လမ်းခွဲလိုက်ဖို့ ကျမ သတ္တိရှိရှိ ကြိုးစား ဆုံးဖြတ်လိုက်ပါတယ်။ သူရှိနေတဲ့အချိန်လည်း သူ့စိတ်က ကျမဆီမှာ ရှိချင်မှ ရှိနေမှာပါ။ သူစိတ်ထဲမှာ အသစ်ကလေးပဲ လွမ်းမိုးနေမှာ သေချာသလောက်ရှိပါတယ်။ သူကျမဘေးမှာ မရှိတဲ့အချိန်ဆိုရင် ကျမကို ဖုန်းတောင် မဆက်တော့ပါဘူး။ ကျမဟာ တစ်ဖြည်းဖြည်းနဲ့ ဘေးလူ အပြင်လူတစ်ယောက် ဖြစ်လာပါတယ်။ 

သူတို့ ရှေ့ဆက်ပြီး အိမ်ထောင်တစ်ခု ထူထောင်ကြမလား။ ဒါမှမဟုတ် ဒီတိုင်းပဲ ရပ်လိုက်ကြမလား ကျမ သေချာမသိပါဘူး။ ဒါပေမယ့် သူက လူသာဘေးနားရှိနေပေမယ့် စိတ်က အဝေးမှာဖြစ်နေတယ်။ ကျမတို့ ၂ ယောက်ကြားက နားလည်မှုတွေ မရှိတော့ဘူး။ ဘ၀က အဓိပ္ပါယ်မဲ့ ရှင်သန်နေရသလိုပါပဲ။ 
ကျမတို့ ၂ယောက်ကြားက အိမ်ထောင်ရေး သာယာမှု ပြန်ရမလား မရဘူးလား မသေချာဘူး။ 
သူကျမကို ချစ်နေတာက တကယ်လား ဟန်ဆောင်နေတာလား မသေချာဘူး။ 
သူပြောနေတဲ့ စကားတွေကို အရင်လို ကျမ ယုံကြည်လိုက်လို့ရလား မရလား မသေချာဘူး။ 

ဒွိဟတွေ မောဟတွေနဲ့ မွန်းကြပ်လွန်းပါတယ်။ 


ဆက်ရန်


No comments:

Post a Comment